top of page

“I AM BACK” — ရော်နယ်ဒို ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက် ဂိုးသွင်းပြီး ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းသစ်ကို ရေးထိုး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ Sports/ June 23, 2026


“အသက်ကြီးလို့ ဂိုးမသွင်းနိုင်တော့ဘူး” ဆိုတဲ့ ဝေဖန်သံတွေကို ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ၂၀၂၆ ကမ္ဘာ့ဖလား Group K ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူပြီး “I AM BACK” ဟု ကြွေးကြော်ကာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၆ ကြိမ်ဆက်တိုက် ပြိုင်ပွဲများတွင် ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား အဖြစ် စံချိန်သစ် ရေးထိုးခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလား Group K ပွဲစဉ်မှာ ပွဲချိန် ၆ မိနစ်မပြည့်ခင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက်တိုက် (၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နှင့် ၂၀၂၆) ဂိုးသွင်းနိုင်တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

အဆိုပါဂိုးကို João Cancelo ရဲ့ ညာတောင်ပံထိုးဖောက်ဖန်တီးပေးမှုကနေ ရော်နယ်ဒိုက ဂိုးရှေ့ ၆ ကိုက်အကွာမှ တစ်ချက်တည်း အဆုံးသတ်ကန်သွင်းပြီး ရယူခဲ့တာဖြစ်ပါတယ်။

စိုးရိမ်မှု၊ ဖိအားနဲ့ စိတ်ပူပန်မှုတွေ အားလုံး ပျောက်ကွယ်သွားပြီး သက်သာရာရတဲ့ အပြုံး၊ လက်သီးမြှောက်အောင်ပွဲခံမှုတွေနဲ့ အစားထိုးသွားခဲ့ပါတယ်။ အသင်းဖော်တွေက သူ့ကို ဝိုင်းဖက်ခဲ့ကြပြီး Houston က ပရိသတ်တွေကလည်း ဟစ်ကြွေးသံတွေနဲ့ ကွင်းတစ်ခုလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။

ဒါနဲ့တင် ရော်နယ်ဒို မရပ်တန့်ခဲ့ပါဘူး။ ပွဲချိန် ၃၉ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် ပေးပို့တဲ့ တိကျလှတဲ့ ပေးပို့မှုကနေ ဥဇဘက်ကစ္စတန် ဂိုးသမားကို ကျော်ဖြတ်ပြီး ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ အသင်းဖော်တွေက သူ့ကို ဟက်ထရစ်ရရှိစေဖို့ ကြိုးစားခဲ့ကြပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။

ဒီပွဲမှာ သွင်းယူခဲ့တဲ့ နှစ်ဂိုးကြောင့် ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစုစုပေါင်းဟာ ၁၀ ဂိုးအထိ ရောက်ရှိလာခဲ့ပြီး ပေါ်တူဂီအသင်းကိုလည်း ရှုံးထွက်အဆင့်တက်ရန် နီးစပ်စေခဲ့ပါတယ်။

ထို့အပြင် “Most FIFA World Cups scored in by a player ဆိုတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။

DR ကွန်ကိုနဲ့ အဖွင့်ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ အခုတစ်ကြိမ်မှာတော့ သူ့ရဲ့ အတွေ့အကြုံနဲ့ ဂိုးရှာနိုင်စွမ်းကို ထပ်မံပြသနိုင်ခဲ့ပါတယ်။

ပွဲအပြီး Man of the Match ဆု လက်ခံရယူရာမှာ ရော်နယ်ဒိုက ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း၊ အသင်းဖော်များ၏ ပံ့ပိုးကူညီမှုမရှိဘဲ ဒီအောင်မြင်မှုကို ရယူနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုက “ကျွန်တော့်ဘဝမှာ ခက်ခဲတဲ့နေ့ရက်တွေ၊ လူတချို့ မမြင်ရတဲ့ အမှောင်ကာလတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားပြီး ယုံကြည်မှုမပျက်ဘဲ ဆက်လက်ရပ်တည်ခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။

ထို့အပြင် “အလုပ်ကြိုးစားသူတွေကို ဘုရားသခင် ကောင်းချီးပေးပါတယ်။ ဘယ်တော့မှ လက်မလျှော့ပါနဲ့” လို့ ပရိသတ်တွေဆီ သတင်းစကားပါးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုအတွက်လည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီက ဥဇဘက်ကစ္စတန်ကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပေါ်တူဂီ ပြန်လာခဲ့သလို၊ ရော်နယ်ဒိုလည်း ပြန်လာခဲ့ပြီဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။


Source: X, Fx Sport



 
 
 

Comments


bottom of page