CPU/CPA နှင့် IKACC/PC နှစ်ဘက်တာဝန်ရှိသူများ ပထမဆုံးအကြိမ်တွေ့ဆုံ
- thevoiceofchinland
- Apr 22
- 1 min read
VOC/ April 22, 2026
ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) နှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စု များရေးရာ အတိုင်ပင်ခံကောင်စီ/ ပလက်ဝကောင်စီ (IKACC/PC) မဟာမိတ်ဆက်ဆံရေးအဖွဲ့ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ မတ်လ( ၂၅) ရက်နေ့က မတူပီမြို့မှာ တွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေပြုလုပ်နိုင်ခဲ့ကြတယ်လို့ IKACC က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီတွေ့ဆုံမှုဟာ CPU/CPA နဲ့ IKACC/PC ကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး CPU/CPA ဥက္ကဋ္ဌ ဆလိုင်း ထန်ချွမ်းဖေ ပါဝင်တက်ရောက်ခဲ့ကာ တော်လှန်ရေးကာလအတွင်း နယ်မြေချင်းထိစပ်နေသည့်နည်းတူ ထောက်ပို့ လမ်းကြောင်း အသုံးပြုရေးကိစ္စ အပါအဝင် အခြားပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အပြုသဘောဆောင် ဆွေးနွေးပေါင်းစည်းနိုင်ခဲ့တယ်လို့ IKACC/PC မဟာမိတ်ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းပေါလ် က ပြောပါ တယ်။
IKACC/PC ဟာ ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်ပေမယ့် တော်လှန်ရေးလိုအပ်ချက်အရ CPU/CPA အပါအဝင် အခြား ချင်းတော်လှန်ရေး အဖွဲ့အစည်းတွေအပြင် -အိမ်နီးချင်းတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့လည်း ကောင်းမွန်တဲ့ မိတ်ဖက် ဆက်ဆံရေးတည်ဆောက်ထားရပြီး၊ တစ်ချိန်မှာ ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်းပြီး တပ်ပေါင်းစု ဖြစ်နိုင်ရေးကိုလည်း မျှော်လင့်ထားတယ်လို့ ဆလိုင်းပေါလ် က ပြောပါတယ်။
ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)/ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ CDF-Mindat၊ CDF-Kanpetlet၊ CDF-Matupi တို့အပြင် CDF-Daai တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅ ) နေ့က စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ခေါင်းဆောင်တွေရခိုင်ပြည်နယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။




Comments