COVID-19 မူလရင်းမြစ် ဖုံးကွယ်မှုများနှင့် Dr. Fauci ၏ အခန်းကဏ္ဍ ဖော်ထုတ် တဲ့ သက်သေ စာရွက်စာတမ်းများ ကို Gabbard ထုတ်ပြန်
- thevoiceofchinland
- Jun 19
- 1 min read
VOC /19 June 2026
COVID-19 ကပ်ရောဂါရဲ့ မူလရင်းမြစ်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြတဲ့ “ဝူဟန်ဓာတ်ခွဲခန်း ပေါက်ကြားမှု” သီအိုရီဟာ အခုတစ်ကြိမ်မှာ ထောက်လှမ်းရေးစာရွက်စာတမ်းအသစ်တွေနဲ့အတူ ပြန်လည်ထွက်ပေါ်လာပါတယ်။
အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန (DNI) ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်တဲ့ နောက်ဆုံးနေ့မှာပဲ Tulsi Gabbard က COVID-19 ကပ်ရောဂါ မူလရင်းမြစ်နှင့် ပတ်သက်သော ယခင်က မထုတ်ပြန်ဖူးသေးသည့် စာရွက်စာတမ်းများကို ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါစာရွက်စာတမ်းတွေက Dr. Anthony Fauci ရဲ့ နောက်ကွယ်က အခန်းကဏ္ဍကို ဖော်ထုတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
Gabbard ရဲ့ ပြောကြားချက်အရ COVID-19 ကပ်ရောဂါ မဖြစ်ပွားမီက အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါသုတေသနဌာန (NIAID) ကို ဦးဆောင်ခဲ့တဲ့ Dr. Fauci ဟာ တရုတ်နိုင်ငံ ဝူဟန် ဗိုင်းရပ်စ်ဗေဒသုတေသနဌာနမှာ လင်းနို့ကော်ရိုနာဗိုင်းရပ်စ်တွေအပေါ် Gain-of-Function သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေး သန်းပေါင်းများစွာ ထောက်ပံ့ခဲ့ကြောင်း စာရွက်စာတမ်းတွေမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
Gain-of-Function သုတေသနဆိုတာ ဗိုင်းရပ်စ်တစ်ခုရဲ့ ကူးစက်နိုင်စွမ်း၊ ပြင်းထန်မှု ဒါမှမဟုတ် လူအပေါ် သက်ရောက်နိုင်စွမ်းကို လေ့လာရန် အချို့သော သဘောသဘာဝတွေကို ပြောင်းလဲစမ်းသပ်တဲ့ သုတေသနအမျိုးအစားဖြစ်ပြီး လုံခြုံရေးအရ အလွန်အငြင်းပွားဖွယ်ကောင်းတဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။
Gabbard ထုတ်ပြန်တဲ့ အီးမေးလ်တွေနဲ့ ဆက်သွယ်ရေးမှတ်တမ်းတွေအရ Dr. Fauci ဟာ COVID-19 မူလရင်းမြစ်နဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးအကဲဖြတ်ချက်တွေကို တိုက်ရိုက် သြဇာလွှမ်းမိုးခဲ့ပြီး၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ သုံးသပ်ချက်တွေမှာ သူ့ရဲ့ အကြံပြုချက်တွေကို အမြဲလိုလို ထည့်သွင်းခဲ့ကြောင်း Gabbard က ပြောပါတယ်။
သူမက Dr. Fauci ဟာ ကပ်ရောဂါကာလအတွင်း အဓိက အခန်းကဏ္ဍ သုံးခုကို ရယူခဲ့တယ်လို့ ဆိုပါတယ်။ ပထမအချက်အနေနဲ့ အန္တရာယ်မြင့် Gain-of-Function ကော်ရိုနာဗိုင်းရပ်စ် သုတေသနတွေကို ငွေကြေးထောက်ပံ့ခဲ့တာ၊ ဒုတိယအချက်အနေနဲ့ COVID-19 ဟာ သဘာဝတိရစ္ဆာန်တွေဆီကနေ စတင်ကူးစက်လာတာဆိုတဲ့ သုံးသပ်ချက်ကို ထောက်လှမ်းရေးအသိုင်းအဝိုင်းက လက်ခံလာအောင် နောက်ကွယ်ကနေ တွန်းအားပေးခဲ့တာ၊ တတိယအချက်အနေနဲ့ ကပ်ရောဂါကာလအတွင်း အများပြည်သူရှေ့မှာ သတင်းမှားတွေ၊ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ တစ်ဖက်သတ်အမြင်တွေကို တွန်းအားပေးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ၂၀၂၄ ခုနှစ် ကွန်ဂရက်လွှတ်တော် ကြားနာပွဲမှာ Dr. Fauci က COVID-19 နဲ့ ပတ်သက်ပြီး မည်သည့် ထောက်လှမ်းရေးအဖွဲ့အစည်းနဲ့မှ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ကျမ်းကျိန်ထွက်ဆိုခဲ့ပေမယ့်၊ အခုထုတ်ပြန်လိုက်တဲ့ မှတ်တမ်းတွေက အဲဒီထွက်ဆိုချက်နဲ့ တိုက်ရိုက် ဆန့်ကျင်နေတယ်လို့ Gabbard က ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ COVID-19 ဟာ ဓာတ်ခွဲခန်းကနေ ပေါက်ကြားလာနိုင်တယ်ဆိုတဲ့ သီအိုရီကို ထောက်ခံခဲ့တဲ့ ထောက်လှမ်းရေးလေ့လာသုံးသပ်သူတွေဟာ ဖိအားပေးခံရတာ၊ ဘေးဖယ်ခံရတာ၊ ရာထူးတိုးမြှင့်ရေးနဲ့ အလုပ်အကိုင်အနာဂတ်မှာ ထိခိုက်မှုတွေ ကြုံခဲ့ရတယ်လို့ ဝီစယ်ဘလိုဝါတွေက ထွက်ဆိုထားကြောင်းလည်း ဖော်ပြထားပါတယ်။ ထိုအထဲမှ ဝီစယ်ဘလိုဝါတစ်ဦးမှာ ODNI ထံ တိုင်ကြားပြီး ရက်ပိုင်းအတွင်း အလုပ်မှ ထုတ်ပယ်ခံခဲ့ရတယ်လို့ Gabbard က ပြောပါတယ်။
“COVID-19 ကပ်ရောဂါကြောင့် အမေရိကန်ပြည်သူများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ ဒုက္ခရောက်ခဲ့ကြရပါတယ်။ နှစ်ပေါင်းများစွာကြာ လိမ်ညာမှု၊ ဖုံးကွယ်မှုနဲ့ ဆင်ဆာလုပ်မှုတွေပြီးတဲ့နောက် ပြည်သူတွေဟာ ပွင့်လင်းမြင်သာမှု၊ အမှန်တရားနဲ့ တာဝန်ယူမှုကို သိခွင့်ရှိပါတယ်” လို့ Gabbard က ပြောကြားခဲ့ပါတယ်။
သူမက ဆက်လက်ပြီး “အမှန်တရားကို သိရမယ့် အချိန် ရောက်ပါပြီ” လို့လည်း အလေးအနက် ပြောဆိုခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး Dr. Anthony Fauci ဒါမှမဟုတ် သူ့ကိုယ်စားလှယ်တွေဘက်ကတော့ လက်ရှိအချိန်ထိ တုံ့ပြန်ချက် မထုတ်ပြန်သေးပါဘူး။ သို့သော် Dr. Fauci ဟာ ယခင် ကွန်ဂရက်ကြားနာပွဲတွေမှာ ဝူဟန်ဓာတ်ခွဲခန်းကို Gain-of-Function သုတေသနအတွက် ထောက်ပံ့ခဲ့ခြင်းမရှိကြောင်းနဲ့ ထောက်လှမ်းရေးအကဲဖြတ်ချက်တွေကို လွှမ်းမိုးဖို့ မကြိုးစားခဲ့ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားဖူးပါတယ်။
Source: Tulsi Gabbard




Comments