top of page

CDF-Zophei ဌာနချုပ်အနီးလေကြောင်းတိုက်ခိုက်မှုမှာ ဇိုဖေရမ်းကောင်စီကျန်းမာရေးဌာနအတွင်းရေးမှူး ကျဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 12
  • 1 min read

VOC/ June 11, 2026


ချင်းပြည် ထန်တလန်မြို့နယ် CDF-Zophei ဌာနချုပ် နဲ့ အနီးဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ဇိုဖေရမ်းကောင်စီ ကျန်းမာရေးဌာနအတွင်းရေးမှူး Van Dawt Chin ကျဆုံးခဲ့ တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ဇွန်လ ၁၁ ရက်မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်ကနေ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ CDF-Zophei ဌာနချုပ် နဲ့ အနီးပတ်ဝန်းကျင်ကို နေပြည်တော်၊ တံတားဦ၊ မိတ္ထီလာ၊ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာ ၇ စီးဖြင့် အကြိမ် ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂၈ နှစ်အရွယ် Van Dawt Chin (ခေါ်) Chin Chin ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ် ရာရရှိသူ ၆ ယောက်ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

Van Dawt Chin ဟာ မုံရွာတက္ကသိုလ်ကနေ ဥပဒေဘွဲ့ရရှိထားသူဖြစ်ပြီး ဇိုဖေရမ်းကောင်စီမှာ ယခင်က တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်မြောက်ပိုင်းဒေသက ဖလမ်း နဲ့ တွန်းဇံမြို့တို့ကို သာလွန်အင်အားဖြင့် ကျူးကျော် သိမ်းပိုက်ပြီးတဲ့နောက်မှာ ဟားခါးမြို့ကနေ ထန်တလန်မြို့ကို ဇွန်လဆန်းပိုင်းက ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ဟားခါးမြို့ကနေ စစ်အင်အား ၂၀၀ ကျော်နဲ့ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၉ ရက်နေ့က ထန်တလန် မြို့ထဲကို ဝင်ရောက်နိုင်ခဲ့ပြီးနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။

CDF-Zophei ဌာနချုပ်နဲ့ အနီးပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုမလုပ်ခင်မှာလည်း မနေ့ဇွန်လ ၁၀ ရက်နေ့က CDF-Thantlang ရဲ့ Ranger စခန်းကို အသေခံဒရုန်း ၃ စင်းဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကနေ သမ္မတအဖြစ် မိမိကိုယ်ကို တင်မြောက်တဲ့ မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပြီးတဲ့နောက်မှာ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ရေးအရှိန်မြှင့်တင်လာပြီး ချင်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ မြေပြင် နဲ့ လေကြောင်းစစ်ဆင်ရေးတွေအပြင်း အထန်ပြုလုပ်နေတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page