top of page

CDF-Hakha ဒုဥက္ကဌဟောင်း ဆလိုင်းဆန်လိန်းသေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာနှင့် တရားမျှတစွာ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ဆောင်ရွက်မယ်လို့ CDF-Hakha ဗ

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 29
  • 1 min read

VOC/ May 28, 2026


CDF-Hakha ဒုဥက္ကဌဟောင်း ဆလိုင်းဆန်လိန်းသေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာနှင့် တရားမျှတစွာ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်ဆောင်ရွက်မယ်လို့ CDF-Hakha ဗဟိုကောင်စီကြေညာလိုက်ပါတယ်။

CDF-Hakha ဗဟိုကောင်စီဟာ ဆလိုင်းဆန်းလိန်သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီကနေ့မေလ ၂၈ ရက်နေ့မှာ ပြည်သူလူထုထံ အသိပေးကြေညာချက် ထုတ်ပြန်ပြီး ခုလိုပြောဆိုလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက် မနက် ၉း၅၀နာရီခန့်မှာ CDF-Hakha ရုံးချုပ်ခန်းမ ဆောင်ကို တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန်လိန်း (Salai Sangling@ Salai Joshua)နဲ့ သူ့ထမင်းချက်စားဖို မှူး(ထောင်သား)၊ သူ့စက်ကြီးမောင်း(၁)ဦးတို့က အကြောင်းမဲ့လာရောက်ဖြိုချကြောင်း CDF-Hakha အထွေထွေ အတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန် (Salai Za Cung Lian) က သတင်းရရှိကာ သွားရောက်တားဆီးပြီး စကားများ ကြရာ ဆလိုင်းဆန်လိန်းမှ အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန်ကို မှောက်လှဲအောင်အထိ ပါးရိုက်မှု ဖြစ်ပွားခဲ့တယ်လို့ CDF-Hakha ဗဟိုကော်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီဖြစ်စဉ်ကို တရားရေးရုံးရဲ့ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးနေစဉ်အတွင်း CDF-Hakha ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဆလိုင်းဇာကျုံးလျန်က ဆလိုင်း ဆန်လိန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာကြောင့် အခင်းဖြစ်ပွားရာနေရာမှာ စိတ်မ ကောင်းစွာ သေဆုံးခဲ့ရတာလို့ ဖော်ပြပါတယ်။

တော်လှန်ရေးရဲဘော်အချင်းချင်းအကြား ဖြစ်ပွားခဲ့တဲ့ ပြသနာတွေကို လက်နက်အသုံးပြုပြီး လူသတ်မှုကျူးလွန်တာ ဟာ လုံးဝ (လုံးဝ) မဖြစ်သင့် မရှိအပ်သော အပြုအမူ၊ စိတ်ရွံ့ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရုတ်ချတယ် လို့လည်း CDF-Hakha ဗဟိုကောင်စီကဆိုပါတယ်။

လူသတ်မှုကို ကျူးလွန်သော CDF-Hakha Central Council ရဲ့ အထွေထွေ အတွင်းရေးမှူး (General Secretary) ဆလိုင်း ဇာကျုံးလျန်ကို တရားစွဲဆိုရန် ထောင်ထဲမှာ ဖမ်းဆီးထိန်း သိမ်းထားရှိပြီး အထွေထွေအတွင်းရေးမှူး ရာထူး ကနေလည်း ရပ်ဆိုင်းလိုက်တယ်လို့ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားကို အမြန်ဆုံးဖော်ထုတ်ဆောင် ရွက်နိုင်ရန်အတွက် အထူးစုံ စမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို CDF-Hakha Central Council ကာကွယ်ရေးကော်မတီ၊ Legal Affairs Department၊ ချင်းလန်းကောင်စီ (Chinland Council) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defence - MoD) မှ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း အသိပေးပါတယ်။

CDF-Hakha Central Council ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဉပဒေ၊ စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာနှင့် တရားမျှတစွာ တရား စီရင်မှုကို ပြည်သူ့ရှေ့မှောက်မှာ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

ကနဦး ဖြစ်စဉ်များစုံစမ်းစစ်ဆေးခြင်း၊ ကျန်ရစ်သူမိသားစုများ နှစ်သိမ့်ခြင်းအစီအစဉ် ဆောင်ရွက်ခြင်းနှင့် ဟားခါးမြို့ နယ်အတွင်း အရေးပေါ်စစ်ရေးအခြေအနေတွေကြောင့် သတင်းထုတ်ပြန်ချက်များ၊ ဖြစ်စဉ်ရှင်းလင်းချက်များ စောလျင်စွာ မချပြနိုင်သောကြောင့် ပြည်သူများကို တောင်းပန်တယ်လို့ဆိုပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ CDF-Hakha Central Council အပေါ် လုပ်ကြံသတင်းများ၊ သတင်းမှားများ ပြန့်နှံ့နေတာတွေကို စိတ်မကောင်းစွာ တွေ့ရှိရပြီး လိုအပ်ပါက ပြန်လည်ရှင်းလင်းချက်များကို ထုတ်ပြန်သွားမယ်လို့လည်း အသိပေးထားပါ တယ်။

ဆလိုင်းဆန်လိန်းဟာ CDF-Hakha ဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင်ဖြစ်သည်သာမက အားကိုးအားထားရသော ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း၊ အထွေထွေအတွင်းရေး မှူးဟောင်း၊ ဒုတိယဥက္ကဌဟောင်းနှင့် လက်ရှိ တပ်သားဘဝဖြင့် အဖွဲ့အစည်းတွင် နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ အရေးပါသော မျိုးဆက်သစ် ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်သူ ဆလိုင်းဆန်လိန်း အား ဆုံးရှုံးမှုအတွက် ကျန်ရစ်သူမိသားစုများ၊ ဆွေမျိုးမိတ်သင်္ဂဟများနှင့် အတူ ဝမ်းနည်းကြေကွဲရကြောင်း CDF-Hakha ဗဟိုကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။



 
 
 

Comments


bottom of page