CDF-Hakha ကိုစတင်ဖွဲ့စည်းသူထဲပါဝင်တဲ့ ဒုတိယဥက္ကဌဟောင်း ဆလိုင်း Sang Ling ကျဆုံး
- thevoiceofchinland
- May 16
- 1 min read
VOC/ May 16, 2026
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ကိုစတင်ဖွဲ့စည်းချိန်ကတည်းက ဦးဆောင်ပါဝင်ခဲ့သူ ဒုတိယဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့တဲ့ ဆလိုင်း Sang Ling ဟာ မနေ့က ရဲဘော်ရဲဖက်အရာရှိတစ်ဦးရဲ့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျဆုံးခဲ့ရတယ်လို့သိရပါတယ်။
ဆလိုင်း Sang Ling ဟာ CDF-Hakha တပ်ဖွဲ့ရဲ့ လက်ရှိအတွင်းရေးမှူးယူထားတဲ့ ဆလိုင်း Za Cung Lian နဲ့ မနေ့က ပုဂ္ဂိုလ်ရေးအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်မှာ ဆလိုင်း Za Cung Lian က သေနတ်ဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကျဆုံး သွားရတာလို့ CDF-Hakha နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
ဘယ်လိုကိစ္စကြောင့် အငြင်းပွားမှုဖြစ်ပွားတယ်ဆိုတာ နဲ့ ပစ်ခတ်မှုဖြစ်ပွားတဲ့ဖြစ်စဉ်အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Hakha တပ်ဖွဲ့ဘက်ကတော့ တစ်စုံတစ်ရာအသိပေးထုတ်ပြန်ခြင်း မရှိသေးပါဘူး။
“ဒီလိုကာလမှာ အရည်အချင်းရှိပြီး တိုင်းပြည် နဲ့ လူမျိုးအတွက် အလွန်အားထားရတဲ့ ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးလို က်တာဟာ အလွန်တရာကို ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်၊ ကျနော်တို့အားလုံး ဝမ်းနည်းခံပြင်းကြေကွဲနေကြပါ တယ်” လို့ ဆလိုင်း Sang Ling နဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။
ဆလိုင်း Sang Ling ဟာ မိသားစုမွေးချင်း ၆ ယောက်ထဲမှာ တစ်ဦးတည်းသောသားဖြစ်ပြီး ထန်တလန်မြို့နယ် မှောင်တ လန်ဇာတိဖြစ်ပါတယ်။
ပညာရေးပိုင်းမှာ ထူးချွန်သူဖြစ်ပြီး ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အထိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း( ဟားခါး GTI) မှာ တက်ရောက်ခဲ့ပြီး ၂၀၂၀ ကနေ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်အထိ ကလေးနည်းပညာတက္ကသိုလ် (Kalay Technological University) မှာ မြို့ပြအင်ဂျင်နီကို လေ့လာဆည်းပူးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ ဟားခါးမြို့က စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဆလိုင်းငွန်ဆန်းအောင်တို့နဲ့အတူ ဆလိုင်း Sang Ling က ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတဲ့ လူငယ်တွေကို အကြမ်းဖက်ဖြိုခွင်းလာတဲ့အခါမှာ CDF-Hakha ကို စတင်ဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။
ဆလိုင်း Sang Ling ဟာ CDF-Hakha မှာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ တပ်မဟာမှူးအဖြစ်တာဝန်ယူပြီး ရှေ့တန်း တိုက်ပွဲတွေကို ကိုယ်တိုင်ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့ပါတယ်။
၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်အထိ CDF-Hakha မှာ ဒုတိယဥက္ကဌ တာဝန်ယူခဲ့ပြီး တိုက်ပွဲပေါင်းများစွာမှာလည်း ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်နောက်ပိုင်းမှာတော့ CDF-Hakha မှာ ရာထူးတာဝန်ယူထားခြင်းမရှိတော့ပေမယ့် ဌာနချုပ်မှာနေထိုင်ကာ တော်လှန်ရေးအတွက် ကျရာနေရာကနေ ဆက်လက်ပံ့ပိုးပေးနေသူဖြစ်တယ်လို့သိရပါတယ်။







Comments