#BreakingNews || အိန္ဒိယ-မြန်မာနယ်စပ်အနီးက Khawpuichhip ရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၆ ဦးသေဆုံး
- thevoiceofchinland
- May 1
- 1 min read
VOC/ May 1, 2026
ချင်းပြည် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီး Khawpuichhip ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ ၆ ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ကနေ မိုင် ၂၀ ခန့်ကွာဝေးတဲ့ Khawpuichhip ကျေးရွာကို ယနေ့မေလ ၁ ရက် ညနေ ပိုင်း ၃ နာရီမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ဦးကပြေပါတယ်။
“ ရွာရဲ့ ဘော်လီဘောကွင်းအနီးကို ဗုံးကြဲသွားတာ၊ လောလောဆယ်သိရသလောက်ကတော့ ကလေးအပါအဝင် ၆ ယောက် သေတယ်လို့သိရပါတယ်၊ ဒဏ်ရာရတဲ့သူလည်းများတယ်လို့ကြားရတယ် အခြေအနေအသေးစိတ်ကိုတော့မသိရနိုင် သေးဘူး” ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
Khawpuichhip ကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာလည်းမဟုတ်သလို မြေပြင်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားဗုံးကြဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ဧပြီလ ၃၀ ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ Heilei ကျေးရွာ နဲ့ Tuichirh ကျေးရွာကြားက Khuaimual ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့ပါတယ်။
ဒါ့အပြင် ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကိုလည်း ဧပြီလ ၃၀ ရက်နေ့က ထပ်မံဗုံးကြဲတိုက်ခဲ့လို့ပြည်သူ ၂ ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ဖလမ်းမြို့နယ်အနီးတဝိုက်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို ချင်းပြည်တောင်ပိုင်းဘက်ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ယခင်ကထက်ပြုလုပ်လာနေပါတယ်။





Comments