#BreakingNews || ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့် ဗုံးကြဲ၊ ပြည်သူ ၈ ဦးသေဆုံး
- thevoiceofchinland
- May 1
- 1 min read
VOC/ April 29, 2026
ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ပိုင်းမှာ လေကြောင်း ဖြင့်ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ယနေ့ ဧပြီ ၂၉ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ YAK-130 အမျိုးအစား Jet Fighter ၂ စီးဖြင့် ကျင်ဒွေးမြို့ မုန်းချောင်းတံတားအနီးကို ပေါင် ၃၀၀ ဗုံး ၂ လုံးဖြင့် အကြောင်းမဲ့ လေကြောင်း တိုက် ခိုက်သွားတာလို့ ကန်ပက်လက်မြို့နယ်လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၈ ဦး စုစုပေါင်း ၈ ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် JCB မြေထိုးစက်တစ်စီး၊ ဖော့ကားတစ်စီး နဲ့ ဆိုင်ကယ် ၃ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့နယ်ဟာ အကြမ်းဖက်စစ်တပ်က မကြာသေးခင်ရက်ပိုင်းက စစ်အုပ်ချုပ်ရေးကြေညာခံထားရ တဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။
ကျင်ဒွေးမြို့ဟာ ချင်းညီနောင် (CB) နဲ့ အာရက္ခတပ်တော် (ULA/AA) တို့က ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှာ အကြမ်း ဖက်စစ်တပ်ထံကနေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အလားတူ ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့နယ်ထဲမှာလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး မနေ့ဧပြီလ ၂၈ ရက်ည ၁၁ နာရီဝန်းကျင်မှာ ဖလမ်းမြို့နယ် Khuanglung ကျေးရွာကို ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။




Comments