အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က စစ်ဆင်ရေးနယ်မြေ အသီးသီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး ဗိုလ်မှူး နဲ့ ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်း ၁၈ ဦးဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က ဒီကနေ့ဇွန်လ ၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၃၁ ဦး သေဆုံးကာ ၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗိုလ်မှူးအောင်ဖြိုးဝေ နဲ့ ဗိုလ်ကြီး ပြည့်စုံအောင်တို့အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၂၂ ရက်နေ့က မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ကနေ ချောက်မြို့ရှိ က.ပ.စ ၂၁ ကို ထွက်ခွာလာတဲ့ စစ်ကား ၅ စီးကို တိုက်ခိုက်ခဲကြသလို မေလ ၂၆ ရက်နေ့မှာလည်း ချောက်မြို့အခြေစိုက် ခလရ ၁၃ ကနေ ထွက်ခွာလာတဲ့ ခဲယမ်းသယ် ဆောင်သော ယာဉ် ၂ စီးကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အလားတူ မေလ ၂၆ ရက်နေ့မှာပဲ ဆိပ်ဖြူမြို့ကတစ်ဆင့် က.ပ.စ ၂၁ ကို အင်အားဖြည့်တင်းရန် ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ယာဉ် ၂ စီး ပျက်စီးသွားတယ်လို့ဆိုပါတယ်။ မေလစတုတ္ထပတ်အတွင်းမှာလည်း သရက်ခရိုင်တပ်ရင်း ၃ က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ ၅၉၉ က စစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး အောင်ဖြိုးဝေ နဲ့ ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် သုံ့ပန်း အချို့ကို ဖမ်းဆီးရမိကာ ပစ္စတို ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနဲ့ ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါ တယ်။ ဒါ့အပြင် မေလစတုတ္ထပတ်အတွင်းမှာပဲ ပုံတောင်တောင်ကြောကတစ်ဆင့် ဂန့်ဂေါခရိုင်အတွင်းသို့ ဝင်ရောက်လာသော အင်အား ၁,၀၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းနဲ့ ယာယီထိုင်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ မေလ ၂၉ ရက်နေ့မှာ နတ်မောက်ဆက်သွယ်ရေးတပ်က ဒုတပ်ကြပ် ရန်နိုင်ကို စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၃ ရက်နေ့မှာတော့ မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးကာ သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့ တယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ အကြမ်း ဖက်စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း တပ်ဖွဲ့ဝင် တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။